ဆီးချိုရှိသူတွေက ဘာကြောင့် ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ပိုများတာလဲ
ဆီးချိုရောဂါရှိလာရင် နောက်ဆက်တွဲ ရောဂါဝေဒနာတွေလည်း တွဲပါလာတတ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် မထိန်းနိုင်ရင် မျက်စိ၊ အာရုံကြော၊ ကျောက်ကပ်၊ နှလုံးတွေကို ထိခိုက်နိုင်တာကိုတော့ လူသိများပါတယ်။ အဲဒီလိုပဲ ဆီလမ်းကြောင်းပိုးဝင်တာကလည်း ဆီးချိုရောဂါရှင်တွေမှာ ပိုပြီး အဖြစ်များနိုင်တဲ့ နောက်ဆက်တွဲဆိုကျိုး တစ်ခုပါ။
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဆီးပြွန်၊ ဆီးအိမ်နဲ့ ကျောက်ကပ်စတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်က ဘယ်နေရာမှာမဆို ရောဂါပိုးဝင်တာ ဖြစ်ပါတယ်။ ဆီးချိုရောဂါရှင်တွေရဲ့ ဆီးထဲမှာပါတဲ့ သကြားဓာတ်ကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်စေတဲ့အတွက် ဆီးချိုရောဂါရှိရင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများတာပါ။
ရောဂါလက္ခဏာတွေက ဘာလဲ?
ဆီးအိမ် (Bladder) နဲ့ ဆီးလမ်းကြောင်း (Urethra) တစ်လျှောက်မှာ ပိုးဝင်တာကို ဆီးလမ်းကြောင် းအောက်ပိုင်း ပိုးဝင်ခြင်း (Lower Urinary Tract Infection) လို့ခေါ်ပြီး
- ဆီးသွားချိန် နာကျင်ခြင်း၊ အောင့်ခြင်း
- ဆီးကျန်သလို ခံစားရပြီး မကြာခဏ ဆီးသွားချင်ခြင်း
- ဆီးအနည်ပါပြီး အနံ့နံခြင်း
- ဆီးထဲသွေးပါခြင်း
- ခါးနာခြင်း
- ဗိုက်အောင့်ခြင်းတွေ ခံစားရတတ်ပါတယ်။
ဆီးပြွန် (Ureter) နဲ့ ကျောက်ကပ် (Kidney) မှာ ပိုးဝင်တာကိုတော့ ဆီးလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းလို့ ခေါ်ပြီး ရောဂါလက္ခဏာတွေက
- ဖျားခြင်း
- ချမ်းတုန်ခြင်း
- အန်ခြင်း
- ဝမ်းသွားခြင်း
- ခါးနာခြင်းတွေ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်တာက ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်နိုင်ပါတယ်။
ကုသမှု…
ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ခြင်းအတွက် ပိုးသတ်ဆေးကို ရက်အနည်းငယ်ခန့် သောက်ပေးရပါမယ်။ ဆီးသွားရင်နာကျင်တာနဲ့ ခါးနာတာအတွက် အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။
ဆီးလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းကတော့ ပိုပြီးပြင်းထန်တဲ့အတွက် ပိုးသတ်ဆေးကို တစ်ပတ်ကနေ ၂ ပတ်ခန့်သောက်ရမှာ ဖြစ်သလို လိုအပ်ရင် ပိုသတ်ဆေးကို ထိုးဆေးအသုံးပြုရနိုင်ပါတယ်။ Ibuprofen လို အကိုက်အခဲပျောက်ဆေး အပြင်းစား လိုအပ်နိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်နိုင်တဲ့ တခြားအကြောင်းတွေထဲမှာ ဆီးကျောက်တည်တာ၊ ဆီးကျိတ်ရောင်တာ၊ လိင်ဆက်ဆံတာ၊ ကိုယ်ခံအားနည်းတာတွေ ပါဝင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးမဝင်အောင် ဘယ်လို ကာကွယ်မလဲ?
- ဆီးချိုရောဂါရှင်တွေဟာ ဆီးလမ်းကြောင်း ပိုးမဝင်ရအောင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းနိုင်ဖို့က အရေးအကြီးဆုံး အချက်ပါ။
- ရေများများသောက်ပါ။
- ဆီးကို အောင့်ထားတာမျိုး မလုပ်ပါနဲ့။
- လိင်မဆက်ဆံခင် သန့်ရှင်းရေးလုပ်ပါ။ လိင်ဆက်ဆံပြီးတိုင်း ချက်ချင်း ဆီးသွားပါ။
- ဝမ်းသွားပြီး၊ ဆီးသွားပြီးလို့ သန့်ရှင်းရေး လုပ်ရင် အရှေ့ဘက်မှ အနောက်သို့ ဦးတည်ရာအတိုင်း လုပ်ပါ။ အနောက်မှ အရှေ့သို့ ဦးတည်ရင် စအိုတဝိုက်မှ အညစ်အကြေးနဲ့ ပိုးမွှားတွေက ဆီးလမ်းကြောင်းဆီ ရောက်ရှိလာနိုင်ပါတယ်။
ဆီးချိုရောဂါရှင်တွေဟာ သာမန်လူတွေထက် အစစအရာရာ ပိုဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို ဂရုတစိုက် လိုက်နာရင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ နည်းမယ့်အပြင် သွေးတွင်းသကြားဓာတ် တက်ရင် ဖြစ်လာမယ့် တခြားသော နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ကာကွယ်ပြီးသာ ဖြစ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်